ဗိုလ်တထောင် စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် တာဆီးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၉:၀၀)နာရီ၌ ပြည်သူများ၊ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ကျင့်သုံးနိုင်ရန်ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ပူးပေါင်းအဖွဲ့က ဦးဆောင်၍ ခရီးသွားဒေသခံ ပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်းများ တပ်ဆင်ရေးလှုပ်ရှားမှု ပြုလုပ်ပြီး၊ နှာခေါင်း စည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲများ စုစုပေါင်း အင်အား(၅၀)ဦးခန့်မှ မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာဖြစ်သည့် ဘိုကလေးစျေး၌ စျေးရောင်း၊ စျေးဝယ်များ၊ ပြည်သူများနှင့် ခရီးသွားပြည်သူများအား နှာခေါင်းစည်း(၁၀၀၀)ကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ကင်းဝေးစေရေးအတွက် အသိပညာပေး လုပ်ငန်းများကို တာဝန်ရှိသူများက အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)