မိုင်းဆတ် စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် များအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမောင်ချိုက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းတွင် သင်ကြား ပို့ချ မည့် သင်ခန်းစာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ(၅)ဦးမှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မဲဆန္ဒနယ်သတ်မှတ်ခြင်း၊ မဲစာရင်းပြုစုခြင်း၊ မဲဆန္ဒနယ် ပြင်ပ ရောက် နေသူများ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိခြင်း၊ အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်နေသူများ ကြိုတင် မဲပေး နိုင်ရေး အတွက် မဲစာရင်းပြုစုခြင်း၊ မဲစာရင်းရေးသွင်းခြင်း၊ မဲစာရင်းကြေညာခြင်း၊ ကော်မရှင်အဖွဲ့ခွဲများ ကဆုံး ဖြတ်ဆောင်ရွက်ခြင်း၊ မဲရုံကိုယ်စားလှယ်လောင်းနှင့် အကူကိုယ်စားလှယ်ခန့်ထားခြင်း၊ မဲပေးရန် ပြင်ဆင်ခြင်း၊ မဲရုံအတွင်းသို့ဝင်ရောက်ခြင်း၊ မဲရုံပိတ်ချိန်တွင် ရောက်ရှိလာသော မဲဆန္ဒရှင်များ ဆန္ဒမဲ ပေး ခြင်း၊ လုံခြုံရေး တာဝန်ပေးအပ်ခြင်းနှင့် ဆန္ဒမဲရေတွက်ခြင်း စသည့် သင်ခန်းစာများကို စက်တင်ဘာလ(၁၄) ရက်နေ့ မှ (၁၅)ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်သင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ် ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် အညီ သင်ကြား ပို့ချလျက်ရှိပြီး ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် စုစုပေါင်း (၃၀)ဦး တက်ရောက်ကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)