ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ရန်ကင်း စက်တင်ဘာ ၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ ပြည်သူများ၊ စာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်များ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်ကောင်းများ၏ တန်ဖိုးနှင့်အနှစ်သာရကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ တွင် ယမန်နေ့ မွန်းတည့် ၁၂:၀၀နာရီက ကိုကိုလင်း(အမေ့အိမ်)ရေးသားသော လူကြီးတွေက စပြင်ပါ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က မျိုးဆက်သစ်များကို လေ့ကျင့်ပျိုးထောင်ပေးကြမည့် မျိုးဆက်ဟောင်းလူကြီးများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ လူငယ်များအတွက် ကိုယ်၊ နှုတ်၊ နှလုံး (၃)ပါးစလုံး စံပြဖြစ်ရန်လိုအပ်ပါကြောင်း သို့မှသာ ကောင်းမွန်သော အမွေများကို လက်ဆင့်ကမ်းနိုင်မည်ဖြစ်ကြောင်း လူငယ်များအတွက် အသိပညာပေး ပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာမ မြမဥ္ဇူက လူငယ်များကို ပြုစုပျိုးထောင်ပေးရသည်မှာ လူကြီးများဖြစ်သည့်အတွက် အတုယူတတ်သော သဘောသဘာဝအရ လူငယ်တို့သည် ၎င်းတို့ပတ်ဝန်းကျင်မှ လူကြီးများကို အမြဲအတုယူကြသည်ဖြစ်ရာ၊ အိမ်၌မိဘ၊ ကျောင်း၌ ဆရာ၊ ရပ်ကွက်ထဲ၌ လူကြီးများကို အတုယူကြ၍ လူကြီးတွေက စပြင်ဖို့ လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများမှ သိရှိလိုသည်များ မေးမြန်းကြရာ ဆရာမ မြမဥ္ဇူက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

အိရွှေစင်(ပြန်/ဆက်)