ကျောက်တံတားမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ကျောက်တံတား စက်တင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကွင်းဆင်းဆောင်ရွက်မည့် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေးစစ်ကြောင်း စသည့် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းကြီး (၅)ကြောင်းမှ ပညာရေးနှင့် ကျန်းမာရေးစစ်ကြောင်းအဖွဲ့များ ပူးပေါင်း၍ ယမန်နေ့နံနက်(၁၀)နာရီက ကျောက်တံတားမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကျန်းမာရေး ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစိုးလင်းထူး ခေါင်းဆောင်၍ ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ သန်ချဆေးများ တိုက်ကျွေးခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ရွှေဇင်ခိုင် (ကျောက်တံတား)