တွံတေး၌ အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်)နှင့် (Booster Dose)ထိုးနှံ

တွံတေး   စက်တင်ဘာ  ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံ​တေးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် တွံတေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၁၂)နှစ်နှင့်(၁၈)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် တတိယအကြိမ် Booster Dose ကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် အဆိုပါကျောင်းယုဇနခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် (ပထမအကြိမ်)အသက်(၁၂)နှစ်နှင့် အသက်(၁၈)နှစ်အတွင်းကျောင်းသား၊ ကျောင်းသူ(၃၅၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး (၆)လပြည့်သူများအား (တတိယအကြိမ်) Booster Dose  ထိုးနှံသူ(၉၁)ဦးတို့အား ထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက ကာကွယ်ဆေးလာရောက်ထိုးနှံကြသော ကျောင်းသား၊ ကျောင်းသူများကို စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းခြင်းတို့ကို ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉‌ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို တွံတေးမြို့နယ် ကျောင်းကျန်းမာရေးဆရာဝန် ဒေါက်တာမိုးမိုးစံ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တွံတေးသား