ကျိုက်ထို စက်တင်ဘာ ၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ယနေ့နံနက်ပိုင်းက တောင်ပိုင်းရပ်ကွက်ရှိ အောင်မင်္ဂလာ(၂) မူလတန်းလွန်ကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က ကျောင်းသားကျောင်းသူများ ကျောင်းစာကို ကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေးတို့ကို ဆွေးနွေးပြီး ကျောင်းသားကျောင်းသူများက ခင်းကျင်းထားသည့် စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုကာ စာဖတ်စွမ်းရည် ယှဉ်ပြိုင်ခြင်း၊ ကဗျာရွတ်ဆိုပြခြင်း၊ ပုံပြင်ပြောပြခြင်းပြိုင်ပွဲများကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ကျောင်းသူ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများကို ခင်းကျင်းပြသခြင်း၊ သဘာ၀ဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် စသည့်အသိပညာပေး နံရံကပ်စာစောင်များတို့ကို ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားများ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)