ရပ်စောက်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ

ရပ်စောက် စက်တင်ဘာ  ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ရပ်စောက်မြို့နယ် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီလွင်က ကျောင်းသားလူငယ်များအနေဖြင့် မိမိတို့ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ် သာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေး (Clean And Green Schools)လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို လာရောက်ပြုလုပ်ရခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဦးစိန်မောင်ဌေးက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ ပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးအန္တရာယ်များ၊ ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများ၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာတတ်သည့် သဘာဝဘေးအန္တရာယ်များ၊ ပစ္စည်းအဟောင်းများနှင့် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်း၏ အကျိုးသက်ရောက်မှုများနှင့် သစ်တောသစ်ပင်များထိန်းသိမ်းကာကွယ်ရေး စသည့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများ လွယ်ကူစွာဖြင့် နားလည်သဘောပေါက်စေရန်အတွက် (Power Point)ဖြင့် ပြသ၍ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ ကျောင်းကော်မတီအဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့်  တောင်ကြီးခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့မွန်းလွဲ (၁)နာရီတွင် တောင်ကွက်သစ် ရပ်ကွက်အတွင်းရှိ အ.မ.က (၁၀)ကျောင်းသို့လည်း သွားရောက်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း  သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)