တန့်ယန်း စက်တင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်များ၌ စစ်ကြောင်းကြီး(၅)ကြောင်းမှ မြို့သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေစေရေး ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား စက်တင်ဘာလ ၆ ရက်နေ့က ဆောင်ရွက်ကြသည်။
အဆိုပါ ဆောင်ရွက်နေမှုများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များက မြို့သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေစေရေးအတွက် ဆောင်ရွက်နေသော မြို့နယ်စည်ပင်သာယာရေးဌာန၏ လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၍၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ကိုင်းကုန်းပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်နှင့် ရှင်သာမဏေများ အသုံးပြုရန် ပါးစပ်/နှာခေါင်းစည်း Mask (၃၂၅၀)ခုနှင့် Hand Sanitizer (၅)ဗူးတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် အမှတ်(၁၀)ရပ်ကွက်အတွင်း၌ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးနှင့် ကျန်းမာရေးဝန်ထမ်းများ ဆောင်ရွက်နေသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းတို့ကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)