အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ (၁၉၀၄၁၇)ဦးနှင့် ဒုတိယအကြိမ်ထိုးနှံပြီးသူ (၁၄၇၉၅၅)ဦးရှိပြီဖြစ်

ရန်ကုန် စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊  အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက်ရှိ သက်ကြီးဘိုးဘွားများ၊ စက်ရုံ/အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများ၊ Volunteer များ၊ နိုင်ငံ့ဝန်ထမ်းများ/ဝန်ထမ်းမိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများအား အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်မှတ်ထားသော နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး စက်တင်ဘာလ(၅)ရက်နေ့အထိ ပထမအကြိမ် ထိုးနှံပြီးသူ (၁၉၀၄၁၇)ဦးနှင့် ဒုတိယအကြိမ်ထိုးနှံပြီးသူ (၁၄၇၉၅၅)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ထိုးနှံပေးရာတွင် သတ်မှတ်ထားသော နေရာများတွင် အင်းစိန်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အနီးကပ် ကြီးကြပ်စောင့်ရှောက်ပြီး  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(စီမံ/ဘဏ္ဍာ) ဒေါက်တာ မိုးမိုးမြင့်နှင့် အခြေခံကျန်းမာရေး ကျွမ်းကျင်ပညာရှင်များက အဖွဲ့များခွဲ၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လာရောက်ထိုးနှံသည့် ပြည်သူမျာအား ထိုးနှံပေးလျက်ရှိသည်။

အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကြက်ခြေနီအသင်း(အင်းစိန်)၊ ပရဟိတအသင်း/အဖွဲ့များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)