ကျောက်ဆည် စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးရိုးဗီဇကွဲရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီခွဲတွင် စတုတ္ထအကြိမ် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(၁၆၆၅)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် လူမှုရေး အသင်းအဖွဲ့ဝင်များပူးပေါင်းပြီး ကျောက်ဆည်မြို့၊ မြို့တော်ခန်းမနှင့် သံရွာ၊ မင်းစု၊ စမာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ၊ ဒွေးလှ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးရုံများ၊စက်ရုံအလုပ်ရုံများ၊ အခြေခံပညာကျောင်းများ တွင် ထိုးနှံပေးလျက်ရှိကြောင်းနှင့် သတ်မှတ်အချိန် ကာကွယ်ဆေးများ မပျက်မကွက်ထိုးနှံသွားကြစေရေးအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံရာ၌ ပထမအကြိမ်တွင် (၂၁၀၇၁၇)ဦး၊ ဒုတိယအကြိမ်တွင် (၁၈၇၂၂၉)ဦး၊ တတိယအကြိမ်တွင်(၂၄၃၇၀)ဦးနှင့် စတုတ္ထအကြိမ် (၁၆၆၅)ဦး စုစုပေါင်း(၄၂၃၉၈၁)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
သက်မောင်(ကျောက်ဆည်)