ကျောက်ဆည်မြို့နယ် ကုန်းကြီးကျေးရွာတွင် သောက်သုံးရေဖူလုံစွာရရှိရေး စက်ရေတွင်း၊ရေစက်ရုံနှင့် စင်မြင့်ရေစင် တည်ဆောက်ပေးခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ကျောက်ဆည်  စက်တင်ဘာ  ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ   ကျေးရွာပြည်သူများ လူမှုစီးပွားဘဝမြင့်မားစေရေး လိုအပ်ချက်များဖြည့်ဆည်းပေး လျက်ရှိရာ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ကုန်းကြီးကျေးရွာ၌ သောက်သုံရေးဖူလုံစွာရရှိစေရေး စက်ရေတွင်း၊ ရေစက်ရုံနှင့် စင်မြင့်ရေစင် တည်ဆောက်ပေးခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း  သိရ သည်။

ကုန်းကြီးကျေးရွာတွင် အိမ်ခြေ(၄၇၆)၊လူဦးရေ(၂၀၇၇)ဦးနေထိုင်လျက်ရှိပြီးသန့်ရှင်းသောသောက်သုံးရေခက်ခဲသည့်အတွက် မြိုနယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်(၃၂.၉၈)သန်းအကုန် အကျခံကာ အကျယ်(၉၄)လက်မ၊ အနက်(၄၀၀) ပေ စက်ရေတွင်း(၁)တွင်း၊ ရေခါလံ(၂၄၀၀)ဆံ့စင်မြင့်ရေစင်(၁)စင်၊ ရေစက်ရုံ(၁)ရုံနှင့် ကျေးရွာအတွင်းရေပေးဝေရေးလုပ်ငန်းများအတွက် (၂)လက်မအကျယ်(PVC)ပိုက်များဖြင့် အရှည်(၁)မိုင် သွယ်တန်းပေးခဲ့ကြောင်း သိရသည်။

ရေပေးဝေရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် ကျေးရွာအတွင်းနေထိုင်ကြသည့် ပြည်သူများအနေဖြင့် သောက်သုံးရေများကို အိမ်အရောက် ရေပိုက်များဖြင့်သွယ်တန်းပြီး အလွယ်တကူ ရရှိသုံးစွဲနိုင်သည့်အပြင် အိမ်မွေးတိရစ္ဆာန်များနှင့်ကျွဲ၊နွားများအတွက်လည်း သောက်သုံးရေများ ဖူလုံစွာ သုံးစွဲနိုင်ကြောင်းရပ်မိရပ်ဖ ဦးသန်းဇော်ထံမှ သိရသည်။        

သက်မောင်