လယ်ဝေးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(လယ်ဝေးခရိုင်ဘဏ်ခွဲ)တွင်၂၀၂၂ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

လယ်ဝေး စက်တင်ဘာ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ(၁၆)ရက်နေ့က စတင်၍ထုတ်ချေးပေးလျက်ရှိသည်။

စိုက်ပျိုးစရိတ်ချေးငွေများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး စပါးတစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲ(၁၅၀၀၀၀)နှုန်းဖြင့်လည်းကောင်း၊ အခြားသီးနှံ    တစ်ဧကလျှင် ငွေကျပ်တစ်သိန်း(၁၀၀၀၀၀)နှုန်းဖြင့်လည်းကောင်း တောင်သူတစ်ဦးချင်း ကိုယ်တိုင်အာမခံသည့်စနစ်ဖြင့် ၂၀၂၂ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများပိုင်ဆိုင်သည့် လယ်ယာလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များကို ဘဏ်မှအာမခ (အပေါင်)အဖြစ် ရယူထုတ်ချေးပေးလျက်ရှိပြီး ငွေကျပ်(၁၀၀)ကို တစ်နှစ်လုံးအတွက် အသက်သာဆုံးအတိုးနှုန်း (၅%)ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် လယ်ဝေးခရိုင်ဘဏ်ခွဲအနေဖြင့် (၆.၉.၂၀၂၂)ရက်နေ့တွင် လယ်ဝေးမြို့နယ်အတွင်းရှိ ကူဆည်စု၊ သက္ကယ်ချင်းနှင့် စွယ်တော်မျှောင် ကျေးရွာအုပ်စုများရှိ တောင်သူ(၁၄၄)ဦးသို့ စပါးဧက(၆၅၇)ဧကအတွက် ချေးငွေပေါင်း(၉၈.၅၅၀)သန်း ထုတ်ချေးပေးခဲ့သည်။ ၂၀၂၂ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စက်တင်ဘာ(၆) ရက်နေ့အထိ ကျေးရွာအုပ်စု(၆၇)အုပ်စုမှ တောင်သူ(၆၆၇၂)ဦးအား (၂၅၈၇၆)ဧကအတွက် ချေးငွေကျပ်သန်းပေါင်း(၃၈၈၁.၄၀၀)သန်းကို ထုတ်ချေးပေးခဲ့ပြီး ချေးငွေကာလကုန်ဆုံးသည်အထိ ကျန်ရှိနေသည့် ကျေးရွာအုပ်စုများသို့ ၂၀၂၂ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် လယ်ဝေးခရိုင်ဘဏ်ခွဲ မန်နေဂျာ ဒေါ်ခိုင်ကြည်သာထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)