စဉ့်ကူးမြို့နယ်၊ ရွာသစ်ကြီးကျေးရွာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ ကျင်းပ

စဉ့်ကူး    စက်တင်ဘာ   ၆

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ခူလယ်ကျေးရွာအုပ်စု၊ ရွာသစ်ကြီးကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ရွာသစ်ကြီးကျေးရွာ မိုးကောင်းဘုရား ဓမ္မာရုံတွင် ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်း ကျော်နိုင်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး သော်တာထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့အား အကောင် အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပြည်သူ့စစ်နှင့် ပြည်သူ့ လုံခြုံရေးဆိုင်ရာကိ စ္စများဆွေးနွေးကာ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင် ရာဌာနအလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ရှင်းလင်းပြော ကြားသည်။

ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများကိုယ်စား ဒေသခံပြည်သူ (၃)ဦးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ သည် ရွာသစ်ကြီးကျေးရွာနေ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ သွားကျန်းမာရေး စစ်ဆေးပေးခြင်း၊ အထွေထွေရောဂါများ စစ်ဆေးပေးခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးရန် သွေးအုပ်စုဓာတ်ခွဲ စစ်ဆေးပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ ပုံစံ(၆၆/၆)တွင် မွေးတိုးစာရင်းထည့်သွင်းမှုနှင့် အတိုး/ အလျှော့ပြင်ဆင်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊  မြို့ နယ်ဌာနဆိုင်ရာများပါဝင်သော (၄၇)ဦးနှင့် ကျေးရွာပြည်သူ (၂၃၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)