ချောင်းဆုံ စက်တင်ဘာ ၆
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ ဌာနဆိုင်ရာများပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းနှင့် အားကစားပစ္စည်းထောက်ပံ့ပေးခြင်းကို ယနေ့နံနက် (၁၀)နာရီကချောင်းဆုံမြို့နယ် မုဒွန်း (အ.ထ.က)ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ (အ.ထ.က) ကျောင်းအုပ်ဆရာကြီး ဦးသိန်းဟန်က အဖွင့်အမှာစကားပြောကြားပြီး (အား/ကာ)ဌာန ဦးစီးအရာရှိ ဒေါ်သက်ငုံဖူးက ဦးစီးဌာန၏ မျှော်မှန်းချက်ရည်မှန်းချက် အားကစားမှ အကျိုးပြုနိုင်သည့်အချက်များ အားကစားပြုလုပ်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဦးကျော်ကျော်အောင်က စာဖတ်ရှိန်မြှင့်တင်ရေးဖြင့် စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း၊ (ဘေး/စီမံ)ဌာန ဦးကျော်ကျော်က သဘာဝဘေးနှင့်ပတ်သက်သည့် ဘေးအမျိုးအစား အကြောင်းအရာများကိုလည်းကောင်း၊ ဟောပြောခဲ့သည်။
ထို့နောက် (အား/ကာ)ဌာနမှ အားကစားပစ္စည်းများနှင့် (ဘေး/စီမံ)ဌာနမှ သဘာဝဘေးနှင့် ပတ်သက်ပြီး ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူပြီး ကျောင်းသား/ သူများအား အဆိုပါအဖွဲ့မှ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ဟောပြောပွဲတွင် ဆရာ/ ဆရာမနှင့် ကျောင်းသား/ သူ (၃၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)