မိုင်းယောင်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းလမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မိုင်းယောင်း စက်တင်ဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ “ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာ”ခေါင်းစဉ်ဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၁ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက ကမ္ဘာပေါ်တွင် နှစ်စဉ် ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူပေါင်း ၁ ဒသမ ၂ သန်းခန့်ရှိရာ နေ့စဉ် လူ ၃၀၀၀ ကျော်တို့ ယာဉ်အန္တရာယ်ဖြင့် သေဆုံးနေကြရခြင်းဖြစ်ကြောင်း၊ ယာဉ်မတော်တဆမှု ဖြစ်စဉ်များသည် လူ၏ အားနည်းချို့ယွင်းမှု၊ ယာဉ်၏ အားနည်းချွတ်ယွင်းမှု၊ လမ်း၏အားနည်းချွတ်ယွင်းမှု၊ ရာသီဥတုပြင်းထန်ဆိုးရွားမှု စသည့် အကြောင်းရင်းခံတစ်ခုခုကြောင့်ဖြစ်ပြီး အဓိကအားဖြင့် လူကြောင့်အများဆုံး ဖြစ်ပွားရခြင်းဖြစ်ကြောင်း သတင်းများတွင် တွေ့နေရကြောင်း ဆွေးနွေးသည်။

ထို့နောက် Youth Club မှ ဦးအားဖြိုးက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မစတင်မီ နှစ်များဖြစ်သည့် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တို့အတွင်း နှစ်စဉ်ယာဉ်တိုက်မှု ၁၅၀၀၀ နီးပါးခန့်နှင့် ဒဏ်ရာရသူ ၂၀၀၀၀ ကျော်၊ သေဆုံးသူ ၄၀၀၀ ကျော်တို့ရှိခဲ့ကြောင်း၊ ယမန်နှစ် ၂၀၂၁ ခုနှစ်တွင် အမြန်လမ်းမကြီးအပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယာဉ်တိုက်မှုပေါင်း ၆၄၂၀၊ ဒဏ်ရာရသူ ၈၃၁၁ နှင့် သေဆုံးသူ ၃၁၅၈ ဦးတို့ရှိခဲ့ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်သည် ယာဉ်မောင်းနှင်သူ၊ ယာဉ်အသုံးပြုသူ၊ လမ်းအသုံးပြုသူတိုင်းက အထူးဂရုပြုရမည့် အန္တရာယ်များဖြစ်ကြောင်း ပြဆိုနေခြင်းပင် ဖြစ်ကြောင်း၊ ယာဉ်တိုက်မှုများ ဖြစ်ပွားရာတွင် မော်တော်ယာဉ်များ သာမက မော်တော်ဆိုင်ကယ်ဖြစ်စဉ်များက ထက်ဝက်ခန့် ပါဝင်နေရာ မော်တော်ယာဉ်မောင်းနှင်သူ၊ စီးနင်းသူများရော မော်‌တော်ဆိုင်ကယ်မောင်းနှင်သူ၊ စီးနင်းသူများပါ မိမိတို့ကိုယ်တိုင်၏ အသက်အန္တရာယ် လုံခြုံရေးအတွက်ရော၊ လမ်းပေါ်တွင် သွားလာနေသူများအတွက်ပါ စည်းကမ်းလိုက်နာခြင်းဖြင့် ဘေးကင်းကွာနိုင်ကြမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ယင်းနောက် ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ(NRSC)က ယာဉ်မတော်တဆ ထိခိုက်မှုအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်နှင့်လူမှုဘဝဆုံးရှုံးမှုများ၊ ဒဏ်ရာရမှုများ လျော့နည်းကျဆင်းစေရေး အတွက် အချိန်တိုအတွင်း ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ရေး လုပ်ငန်းအစီအမံ(၅)ရပ်နှင့်အညီ လိုက်နာဆောင်ရွက်ရန် နှိုးဆော်ထားကြောင်း၊ NRSC ၏ အသိပေးနှိုးဆော်ချက်တွင် (က) မော်တော်ယာဉ် မောင်းနှင်သူနှင့် စီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင်ရန်၊ (ခ) ဆိုင်ကယ်မောင်းနှင်သူနှင့် နောက်မှစီးနင်းသူများ အရည်အသွေးမီ ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်ရန်နှင့် မေးသိုင်းကြိုး ခိုင်ခံ့မြဲမြံစွာ တပ်ဆင်ရန်၊ (ဂ) အရက်မူးယစ်သေစာ သောက်စား၍ ယာဉ်မောင်းနှင်မှုမပြုရန်၊ (ဃ) ယာဉ်မောင်းနှင် နေစဉ် ဟန်းဖုန်းမသုံးရန်နှင့် (င) မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ပိုမမောင်းရန် အသိပေးနှိုးဆော်ထားပါကြောင်း၊ မော်တော်ယာဉ် မတော်တဆမှုဖြစ်ပွားပါက အသက်ကယ် ထိုင်ခုံခါးပတ် မပတ်ပါက ဒဏ်ရာရမှု နှစ်ဆခန့်၊ သေဆုံးမှု လေးဆခန့် ပိုမိုကြောင်း၊ ဆိုင်ကယ်မတော်တဆမှုတွင်လည်း အရည်အသွေးမီ ဆိုင်ကယ်စီးဦးထုပ် မဆောင်းပါက ဒဏ်ရာရမှု နှစ်ဆကျော်ကျော်နှင့် သေဆုံးမှု လေးဆနီးနီးပိုမိုကြောင်း၊ ယာဉ်တိုက်မှုကြောင့် သေဆုံးသူများ၏ သုံးပုံတစ်ပုံသည် အရက်မူးပြီး ကားမောင်းခြင်းကြောင့်ဖြစ်ပြီး လေးပုံတစ်ပုံခန့်မှာ ကားမောင်းစဉ် ဖုန်းပြောခြင်းနှင့် ဆက်စပ်သည်ဟုဆိုထားကြောင်း၊ မော်တော်ယာဉ် မောင်းနှင်ရာတွင် အမြန်နှုန်းမြင့်သည်နှင့်အမျှ မတော်တဆဖြစ်စဉ်တွင် အသက်ရှင်နိုင်ရန် အခွင့်အရေး နည်းသထက် နည်းပါးသည်ဖြစ်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြောင့် အသက်အန္တရာယ်နှင့် ကိုယ်လက်ခန္ဓာထိခိုက်မှု‌တို့မှ ရှောင်ရှားနိုင်ရေး အတွက် အသိပေးနှိုးဆော်ချက် (၅)ရပ်နှင့်အညီ လိုက်နာဆောင်ရွက်ကြရေး တိုက်တွန်းဆွေးနွေးခဲ့သည်။

စိုင်းအောင်ဇော်လင်း