မိုးနဲ စက်တင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးစပါးသီးနှံ စိုက်ပျိုးခြင်းကို သတ်မှတ်လျာထားဧက ပြည့်မီရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၆ ရက်နေ့တွင် မိုးစပါးသီးနှံ လျာထားချက် ၉၅၉၅ ဧကကို စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း မိုးနဲမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးဇော်မော်ဦးထံမှ သိရသည်။
မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများမှာ မိုးသီးနှံစိုက်ပျိုးရာသီတွင် သတ်မှတ်လျာထားဧက ပြည့်မီရေးအတွက် ကောက်စိုက်စက်များ အသုံးပြု၍လည်းကောင်း၊ ကောက်စိုက်အလုပ်သမားများ ငှားရမ်း၍လည်းကောင်း အားသွန်ခွန်စိုက် ကြိုးပမ်းစိုက်ပျိုးလျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း သီးနှံအထွက်နှုန်း တိုးပွားရေးအတွက် လိုအပ်သော စိုက်ပျိုးရေးနည်းစနစ်များနှင့် သွင်းအားစုပစ္စည်းများ ထောက်ပံ့ကူညီပေးခြင်း၊ ပိုးမွှားရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ရန်နည်းလမ်းများ၊ တောင်သူအသိပညာပေးခြင်းများကို အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယာစပါး ၁၃၆၉ ဧက၊ တောင်ယာစပါး ၁၁၁၁ ဧကနှင့် မျိုးစေ့ထုတ်စိုက်ပျိုးမှုအနေဖြင့် DU-12 မျိုးစပါး ၂၀ ဧကကို စမ်းသပ်စိုက်ပျိုးထားကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)