ကျောက်ဖြူမြို့၌ အသက်(၃၀)နှစ်နှင့်အထက်ရှိ အမျိုးသမီးများအား ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှုရှိစေရေး ( Physical Fitness Dance ) သင်တန်း ဖွင့်လှစ်

ကျောက်ဖြူ စက်တင်ဘာ ၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အသက်(၃၀)နှစ်နှင့်အထက်ရှိ အမျိုးသမီးများအား ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှုရှိစေရန်အတွက် ကျောက်ဖြူခရိုင် အားကစားနှင့်ကာယညာဦးစီးဌာနမှ ကြီးမှူး၍ (Physical Fitness Dance) အားကစားသင်တန်းကို မြို့မအားကစားကွင်းကြီးတွင် ဖွင့်လှစ်ပြသပေးလျက်ရှိသည်။

ထိုသို့ ဖွင့်လှစ်ပြသရာတွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝေက မြို့ပေါ်ရပ်ကွက်များမှ အသက်(၃၀)နှစ်နှင့်အထက်ရှိ အမျိုးသမီး (၁၆) ဦးတို့အား (Physical Fitness Dance) အခြေခံအားကစားနည်းများကို နေ့စဉ်မွန်းလွဲပိုင်းအချိန်၌ ပုံမှန်ပြသပေးလျက်ရှိပြီး သင်တန်းတက်ရောက်လိုသူများရှိပါကလည်း အသက်အရွယ် ကျား/ မ မရွေး ကျောက်ဖြူခရိုင်အား/ ကာရုံးသို့ လာရောက်၍ စာရင်းပေးသွင်းကာ သင်တန်းတက်ရောက်နိုင်ကြောင်း အဆိုပါ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ(Physical Fitness Dance) အားကစားသင်တန်းကိုတက်ရောက်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး မောပမ်းမှုဒဏ်ကိုခံနိုင်လာမည်၊ သက်ကြီးရွယ်အို ဆီးချိုသမားများ ကျန်းမာရေးကောင်းမွန်လာမည်၊ ခန္ဓာကိုယ်လေးလံနေသူများ ပေါ့ပါးသွက်လက်ပြီး စိတ်ကြည်လင်လန်းဆန်းလာမည်၊ ခန္ဓာကိုယ်အချိုးအစားလှပလာမည် အစရှိသည့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးကောင်းများ ရရှိလာမည်ဖြစ်ကြောင်း ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)