မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြု

မန္တလေး စက်တင်ဘာ ၁၄

မန္တလေးခရိုင်ရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင် ယမန်နေ့မှစ၍ ဆိုင်စားရောင်းချခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

“မန္တလေးမြို့တော် စည်ပင်နယ်နိမိတ်မှာရှိတဲ့ ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေ အားလုံးကို ဆိုင်စားခွင့်မပြုတော့ဘဲ ပါဆယ်စနစ်နဲ့ ပြောင်းလဲပြီး ရောင်းချစေခဲ့တာဖြစ်ပါတယ်။ အလားတူဘဲ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများကိုလည်း ကိုဗစ်  - ၁၉ ရောဂါ ကာကွယ် တားဆီးရေးအတွက် ယာယီပိတ်သိမ်းထားမှာ ဖြစ်ပါတယ်။” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်ကပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့မှစပြီး ၂ လနီးပါးအကြာ ကိုဗစ် − ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မန္တလေးတိုင်းအတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် များကို နှစ်လဝန်းကျင်ကြာ ယာယီပိတ်ပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းချခဲ့ကြောင်း၊ မန္တလေးမြို့တွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် အအေးဆိုင် ၃၄၀၀ ဆိုင်ကျော်ရှိကြောင်း သိရသည်။

ထိပ်ထားနိုင်