ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက် ၁၂ နှစ်အထက် ကျောင်းသား/ သူများအား တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံ

ပုဏ္ဏားကျွန်း စက်တင်ဘာ ၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက် ၁၂ နှစ်အထက် ကျောင်းသား/ သူများအား ကိုဗစ်ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီးစီးသူများကို တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို ယနေ့၊ နံနက်(၁၀)နာရီက မြို့မ-အထက(ခွဲ)နှင့် သက်ဆိုင်ရာကျောင်းများသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး၊ မြို့နယ်ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအောင်စစ်ထွန်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ စာရင်းပြုစုခြင်း၊ လာရောက်ထိုးနှံကြသည့် ကျောင်းသား/ သူများကို ကိုယ်အပူရှိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှုတို့ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးအား ထိုးနှံပေးခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီးစီးသည့် ကျောင်းသား၊ ကျောင်းသူ ခုနှစ်ထောင်ကျော်ရှိပြီး၊ ယမန်နေ့က ပုဏ္ဏားကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် တတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)အား ကျောင်းသား/သူ ၈၁၄ ဦးတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)