လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centre တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်

လားရှိုး စက်တင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမတွင် ယနေ့နံနက်(၁၁)နာရီအချိန်က လူငယ်အသိပညာပေးဟောပြောပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဒေါ်ခင်သန်းနွဲ့(မမ-လားရှိုး)က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာနှင့် ပတ်သက်သည့် အကြောင်းအရာများကိုဆွေးနွေးဟောပြောခဲ့ပြီး လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က လူမှုကွန်ယက်အသုံးပြုခြင်း၏ ကောင်းကျိုးဆိုးကျိုးနှင့် လူထုအခြေပြုဗဟို ဌာန Community Centre တွင် ဆောင်ရွက်လျက်ရှိသော အသိပညာပေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပရာ အထက်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများက Mini Museum တွင် ပြသထားသော တိုင်းရင်းသား ယဉ်ကျေးမှုပစ္စည်းများအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး