တောင်ကြီး စက်တင်ဘာ ၆
၂၀၂၂ခုနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ရှမ်းပြည်နယ်(တောင်ပိုင်းဇုံ) မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို စက်တင်ဘာ(၅)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲတွင် စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြည်နယ်ဝန်ကြီးချုပ်အား အလေးပြုကြပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ယခုကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ်(တောင်ပိုင်းဇုံ) အသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ ခရိုင်(၃)ခရိုင်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ(၂)ခုမှ မြို့နယ်(၂၁)မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယရရှိသော အသင်း(၃)သင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)ဇုံတွင် ဝင်ရောက်ယဉ်ပြိုင်ကြသည့် မြို့နယ်(၉)မြို့နယ်မှ ပထမ၊ ဒုတိယ၊ တတိယရရှိသော အသင်း(၃)သင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဇုံတွင် ဝင်ရောက်ယဉ်ပြိုင်ကြသည့် မြို့နယ်(၉)မြို့နယ်မှ ပထမ၊ဒုတိယ ရရှိသော အသင်း(၂)သင်း စုစုပေါင်း(၈)သင်းဖြင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ အသက်(၁၆)နှစ်အောက် ဇုံအလိုက် ဘောလုံးပြိုင်ပွဲကို ထပ်မံကျင်းပပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲအတွက် ရှမ်းပြည်နယ် လက်ရွေးစင် အားကစားသမားများကို ရွေးချယ်မှာဖြစ်ပြီး ရှမ်းပြည်နယ်အတွက် အရည်အသွေးရှိသော လက်ရွေးစင် အားကစားသမားများဖြင့် စုဖွဲ့၍ ပြိုင်ပွဲကို အဆင့်မှီစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါကြောင်း ၊ယခုယှဉ်ပြိုင်ကစားကြမည့် ဘောလုံးပြိုင်ပွဲတွင် အားကစားစိတ်ဓါတ်ကို အရင်းခံပြီး ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များကို နာခံ၍ ပြိုင်ပွဲကို ကြီးကြပ်မည့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှု ကင်းရှင်းပြီး ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများအတိုင်း တရားမျှတ မှန်ကန်စွာ တိတိကျကျ ဆုံးဖြတ်ဆောင်ရွက်ပေးကြရန်နှင့် သတ်မှတ်ထားသော ဥပဒေဘောင် စည်းမျဉ်းများအရ သန့်ရှင်းစွာ ယဉ်ပြိုင်ကစားကြရန် မြို့နယ်အဆင့်မှခရိုင်၊ ခရိုင်မှပြည်နယ်၊ ပြည်နယ်အဆင့်မှ နိုင်ငံ့လက်ရွေးစင်အဖြစ် တက်လှမ်းနိုင်ရေး ရည်မှန်းချက်ထားပြီး အားသွန်ခွန်စိုက် ယဉ်ပြိုင်ကစားသွားကြရန် ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဒိုင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကြပြီး အ.ထ.က (၇) ဘင်ခရာအဖွဲ့အား ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဂုဏ်ပြုဆုငွေ (၃) သိန်းကို ချီးမြှင့်၍ ပြိုင်ပွဲပထမပွဲစဉ်အဖြစ် တောင်ကြီးမြို့နယ်အသင်းနှင့် မိုးနဲမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှု့အားပေးကြကြောင်း သိရသည်။
အဆိုပါ၂၀၂၂ခုနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ရှမ်းပြည်နယ်(တောင်ပိုင်းဇုံ) မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၂၁)သင်း၊ ပြိုင်ပွဲဝင် ဦးရေ(၄၂၀)ဦးနှင့် ပြိုင်ပွဲကို အုပ်စု(၄)အုပ်စုခွဲကာ သိပ္ပံဇုန်၊ တောင်ကြီးဇုန်ကွင်း၌ ကစား၍ ပြိုင်ပွဲအား စက်တင်ဘာ (၅)ရက်မှ(၁၉)ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)