ရွာငံ စက်တင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေးဝန်ထမ်းများက ငါးနှစ်အောက် ကလေးငယ်များကို ယနေ့နံနက်ပိုင်းတွင် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးများကို သတ်မှတ်ထားသည့်အကြိမ်နှင့် သတ်မှတ်ထားသည့် အသက်အရွယ်တွင် ဆေးထိုး၊ ဆေးတိုက်ပေးနိုင်မှသာလျှင် ကလေးငယ်များတွင် ပြင်းထန်တီဘီ ရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပိုလီယို အကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ကာကွယ်ဆေးများ ထိုးနှံရာတွင် မွေးကင်းစမှ နှစ်လ၊ လေးလ၊ ခြောက်လ၊ ကိုးလ၊ တစ်နှစ်ခွဲ၊ ကိုးနှစ်၊ ဆယ်နှစ်ဟူ၍ လအလိုက်၊ နှစ်အလိုက် ခွဲခြားပြီး ကာကွယ်ဆေးထိုးနှံခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဆရာမဒေါ်အေးအေးဝင်း ဦးဆောင်သော ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိရာ မိခင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
ပြည့်ဖြိုးသန့်