နောင်ချိုမြို့နယ်တွင် “စားသုံးသူများ ကျန်းမာစေဖို့ ဆီစားသုံးမှု လျှော့ချစို့” အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်

နောင်ချို စက်တင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စားသုံးသူပြည်သူများ ဆီကိုအလွန်အကျွံစားသုံးခြင်းမှ ရှောင်ကျဉ်နိုင်စေရန်နှင့်   ကျန်းမာရေးနှင့်ညီညွတ်သည့် ဆီစားသုံးမှုအလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ “စားသုံးသူများ ကျန်းမာစေဖို့ ဆီစားသုံးမှုလျှော့ချစို့” အသိပညာပေး Talk Showအား  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွှဲပိုင်းက  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက မြန်မာနိုင်ငံသည် ဆီစားသုံးမှု မြင့်မားသော နိုင်ငံဖြစ်ခြင်း၊ အရွယ်ရောက်သူတစ်ဦး အနေဖြင့် တစ်နှစ်ဆီစားသုံးမှုမှာ အလွန်များပြားခြင်း၊ စားသုံးဆီကို စတင် တင်သွင်းခွင့်ပြုသည့် အချိန်မှစ၍ နှစ်စဉ် လျော့နည်းသွားခြင်းမရှိဘဲ ယနေ့ကာလအထိ တန်ချိန်တိုးမြှင့် တင်သွင်းနေရခြင်း၊  ပြည်သူများ၏ ကျန်းမာရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက်များစွာ အရေးပါသည့်အတွက် အရည်အသွေး စစ်ဆေးပြီးသော စားသုံးဆီများကို ကျန်းမာရေးဦးစီးဌာနမှ လမ်းညွှန်ထားသော ပမာဏနှင့်အညီ လိုအပ်သလောက်သာ ဝယ်ယူသုံးစွဲကြစေလိုကြောင်းနှင့် တစ်ဦးချင်းဆီစားသုံးမှုကိုလည်း လျှော့ချကြစေလိုကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီးနောက် ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးက ဆီအလွန်အကျွံ စားသုံးခြင်းကြောင့် ဖြစ်တတ်သော အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ သွေးတိုး၊ နှလုံး၊ ဆီးချို၊ လေဖြတ်လေငန်းစသည့် ရောဂါများအဖြစ်များလျက်ရှိခြင်း၊ ကျန်းမာရေးနှင့်မသင့်လျော်သော ဆီများစားသုံးခြင်းနှင့် ဆီစားသုံးမှု လွန်ကဲမှုကြောင့် ဖြစ်ပေါ်သော နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများသည် ကုသရန်ခက်ခဲစေသည့်အတွက် ပြည်သူများအနေဖြင့်  ကျန်းမာသော လူမှုဘဝကိုပိုင်ဆိုင်ရရှိစေဖို့ ဆီစားသုံးမှုကို လျှော့ချကြစေလိုကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့်  ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲများကို သက်ဆိုင်ရာ နေ့ထူးနေ့မြတ်များအလိုက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်၍  Online မှတစ်ဆင့်ရိုက်ကူး ထုတ်လွှင့်ပေးလျက် ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)