၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် ကျောင်းတက်ရန် သွားလာရေးအခက်အခဲရှိသည့် ကျောင်းသား/သူများအား ဒုတိယအကြိမ် စက်ဘီးများငှားရမ်းပေးခြင်းဆောင်ရွက်

တကောင်း   စက်တင်ဘာ   ၆

မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် ကျောင်းသား/သူများ ပညာသင်ယူရာ၌ သွားလာရေးအခက် အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် စက်ဘီးများငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျောင်းတက်ရန်အတွက် သွားလာရေးအခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတက်ရန်အခက်အခဲမရှိစေရန်အတွက် ကျောင်းအကျိုးတော်ဆောင်များ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်း၍ စက်ဘီးများအား ငှားရမ်းပေးနိုင်ရေးဆောင်ရွက်လျက်ရှိရာ  အခြေခံပညာအထက်တန်းကျောင်းရှိ အလယ်တန်းကျောင်းသား၊ ကျောင်းသူ (၅)ဦးအား သတ်မှတ်စည်း ကမ်းချက်များနှင့် အညီ စက်ဘီးများငှားရမ်းပေးခဲ့သည်။ ယခု စက်ဘီးငှားရမ်းပေးခြင်း အစီအစဉ်ဖြင့် အခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးအား စက်ဘီးများငှားရမ်းပေးနိုင်ခဲ့ပြီးဖြစ်ရာ ဆက်လက်၍ ငှားရမ်း အသုံးပြုလိုသည့် ကျောင်းသားကျောင်းသူများ၏ လျှောက်ထား လျှောက်လွှာများအားစိစစ်၍ ငှားရမ်း ပေးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောင်းအကျိုးတော် ဆောင် (၁)ဦးထံမှသိရသည်။

အဆိုပါအခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ၊ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင်  ဆရာ၊ ဆရာမများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများတက်‌ရောက်ခဲ့ကြကြောင်းသိရသည်။

သီရိအောင်(တကောင်း)