ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက်ပေး

မောင်တော စက်တင်ဘာ ၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့်ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်ကျေးရွာများရှိ သတ်မှတ်စုရပ်နေရာများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ရုံးတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။  

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုင်ငန်းများဆောင်ရွက်ရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသည့် မိခင်နှင့်အသက် (၂)နှစ်အောက်များအား နှာခေါင်းစည်းများတပ်ဆင်စေခြင်း၊ စာရင်းများကောက်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများမှ ရပ်ကွက်ကျေးရွာများရှိ ကိုယ်ဝန်ဆောင် မိခင်နှင့်အသက် (၂) နှစ်အောက် ကလေးများအား အဆုတ်ရောဂါ ကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင် အသားဝါ၊ ဦးနှောက် အမြှေးရောင်၊ နမိုးနီးယား ကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေးနှင့်ထိုးဆေး၊ မေးခိုင်ရောဂါ ကာကွယ်ဆေး၊ ဝမ်းရောဂါ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို အလှည့်ကျ စနစ်ဖြင့် ပုံမှန်ကာကွယ် ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆေးထိုးနှံပေးခြင်းများကို မောင်တောမြို့နယ်အတွင်းရှိ အသက် (၂)နှစ်အောက် ကလေးများနှင့်ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးဝန်ထမ်း ဆရာမများက အဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်းကာ ရပ်ကွက် ကျေးရွာများရှိ စုရပ်အသီးသီးတွင် စက်တင်ဘာလ ပထမအပတ်မှစတင်ကာ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး  အပတ်စဉ် တနင်္လာနေ့တိုင်း မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ရုံးတွင်လည်း ထိုးနှံပေး လျက်ရှိကြောင်း  သိရသည်။

အောင်ကျော်စိန်  ခရိုင်(ပြန်/ဆက်)‌