မိုင်းဖြတ် စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် ၂နှစ်အောက် ကလေး များကို ထောက်ပံ့ကြေး များပေးအပ်သည့် အစီအစဉ်များကို KBZ Pay များမှ တစ်ဆင့် လည်းကောင်း၊ မိုဘိုင်းဖုန်း မရှိသူများကို ဘဏ်ဝန်ထမ်းများကတစ်ဆင့်လည်းကောင်း ချိတ်ဆက် ဆောင်ရွက် ပေးနေပြီဖြစ်ကြောင်း မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက စက်တင်ဘာလ ၁၃ရက်နေ့က သိရသည်။
အဆိုပါထောက်ပံ့ကြေးများ ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ တာချီလိတ်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောနှင်းဦးက “ကျွန်မတို့ ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှမွေးဖွား သောအသက်၂နှစ်အောက် ကလေးများကို ထောက်ပံ့ကြေးများပေးအပ်နိုင်ဖို့အတွက် မြိို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေး စာရေးများ၏ အကူအညီနဲ့ ODK ဖြင့် အကျိုးခံစားသူစာရင်း ရေးသွင်းခြင်း သင်တန်းကို ဇွန်လ ၃၀ ရက်မှာ ဖွင့်လှစ်ခဲ့ပြီးတော့ မြိုနယ်အတွင်းမှာရှိတဲ့ ရပ်ကွက် ၃ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၂၁ အုပ်စုက ကျေးရွာပေါင်း ၁၃၀ ကို ကွင်းဆင်းကောက်ယူခဲ့ပါတယ်၊ ကွင်းဆင်း ကောက်ယူခဲ့တဲ့ စာရင်းအပေါ်မှာ မိုဘိုင်းဖုန်းရှိသူများကိုတော့ KBZ Payများကတစ်ဆင့် လွှဲပေး နေပါတယ်၊ ဝင်လာနဲ့ Messageများနဲ့ KBZ Pay ဆိုင်များမှာ ထုတ်ယူလို့ရပါတယ်၊ မိုဘိုင်းဖုန်းမရှိသူများကို တော့ ဘဏ်ဝန်ထမ်းများကနေတစ်ဆင့် မြိုနယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နဲ့ ဆက်သွယ်ပြီး ထုတ်ပေးသွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။
မိုင်းဖြတ်မြို့နယ်အတွင်း ကွင်ဆင်းကောက်ယူခဲ့သည့် စာရင်းများအရ ကိုယ်ဝန်ဆောင်မိခင် ၂၈၉ ဦး အသက် ၂ နှစ်အောက်ကလေးငယ် ၁၂၂ ဦး စုစုပေါင်း ၄၁၁ ဦး အဆိုပါ စာရင်းဝင်များသည် ၂၀၂၀ပြည့်နှစ် ဧပြီလ ၁ ရက်မှစ၍ အကျုံးဝင်သူများသာ တစ်လလျှင် ကျပ်တစ်သောင်းခွဲနှုန်းဖြင့် ဧပြီလမှ စက်တင်ဘာ လအထိ ခြောက်လစာ ထုတ်ပေး တာဖြစ်ပြီး နောက်ပိုင်းတွင် သုံလတစ်ကြိမ် ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)