လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

လှိုင်သာယာ စက်တင်ဘာ ၁၄


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်း ပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန် ဒေသဖွံ့ဖြိုးလုပ်ငန်း များကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၃) ရပ်ကွက် အ.မ.က(၃)ကျောင်းဘေးနှင့် အမှတ်(၁)နှင့်(၂)ကြား တြိဂံချွန်းနေရာများတွင် သာယာလှပတင့်တယ် စေရန် ကွင်းဆင်း စိစစ်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁)တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ စည်ပင်သာယာလမ်းတံတားမှ တာဝန်ရှိသူ များနှင့် ရပ်/ကျေးအဖွဲ့ဝင်များက  ရပ်ကွက်နေပြည်သူများ သွားရေးလာရေး လွယ်ကူ အဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုတိုးတက် ကောင်းမွန်စေရန် အမှတ်(၃) ရပ်ကွက်၊ အ.မ.က(၃)ကျောင်းဘေးရှိ အောင်သာယာလမ်းသွယ်(၄)လမ်းအား ကွန်ကရစ် ခင်းပြီး အခြေအနေကို ကွင်းဆင်းစိစစ်ခဲ့ကြသည်။ အဆိုပါလမ်းအား ကွန်ကရစ်ခင်းပြီး ဖြစ်၍ ကိုဗစ်-၁၉ ကာလအလွန် ကျောင်းများပြန်ဖွင့်လျှင် ကလေးငယ်များ ကျောင်းတက်/ကျောင်းဆင်း သွားလာရ အဆင်ပြေမည်ဖြစ်သည်။
ဆက်လက်၍ လှိုင်သာယာမြို့ အဝင်/အထွက်နေရာ ဘုရင့်နောင်တံတား အမှတ်(၁)နှင့် (၂)ကြား တြိဂံချွန်း နေရာများတွင် သာယာလှပတင့်တယ်စေရန် တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ပြီးစီးမှု အခြေအနေနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို  ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ အချိန်နှင့်တစ်ပြေး ညီ ပြီးစီးရန်နှင့် စံချိန်စံညွှန်းပြည့်မီရန် အလေးထားဆောင်ရွက်စေလိုကြောင်း စသည်တို့ကို လမ်းညွှန်မှာ ကြားခဲ့ပြီး ကွင်းဆင်းစိစစ်ကာ လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)