မြစ်ကြီးနား စက်တင်ဘာ ၆
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် အိမ်တွင်းမှုပညာ သင်တန်းကျောင်းတို့ ပူးပေါင်း၍ ဒေသခံအမျိုးသမီးများ ဝင်ငွေတိုးပွားရေး၊ အသက်မွေးပညာရပ်များ တတ်မြောက်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးက ယခုလိုသင်တန်းဖွင့်လှစ်ပေးခြင်းအားဖြင့် အမျိုးသမီး ငယ်ရွယ်သူများ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ရပ် ထူထောင်နိုင်ခြင်း၊ မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်သည့်အတွက် သင်တန်းသူများအနေဖြင့် သင်တန်းတွင် ကြိုးစားသင်ယူကြရန်နှင့် လက်တွေ့ထိရောက်စွာ အသုံးပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလှဌေးက Community Centre တွင် ဒေသတွင်းလူငယ်လူရွယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ နည်းပညာနှင့် အသိပညာဗဟုသုတများ တိုးတက်မြင့်မားစေရေး ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခြေခံစက်ချုပ်နည်းသင်တန်းကို (၅.၉.၂၀၂၂)ရက်နေ့မှ (၅.၁၀.၂၀၂၂)ရက်နေ့ သင်တန်းသား/ သင်တန်းသူ ၂၀ ဦးတို့အား အိမ်တွင်းမှုသက်မွေး ပညာသင်တန်းကျောင်းမှ နည်းပြဆရာမများက လေ့ကျင့်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်(ပြည်/ဆက်)