ကွမ်းလုံ၌ ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကွမ်းလုံ စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်း ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀) နာရီခွဲခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်နှင့် အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ  ဦးစိုင်းလှအေးမှ ရွေးကောက်ပွဲဆိုင်ရာစေ့စပ် ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကြည်ခိုင်က ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ခံစားရမည့်အကျိုးကျေးဇူးများကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့မိမြို့ဖ ဦးအယ်လ်တိန့်ဘောင်နှင့် ဦးစောသန်းလွင်တို့က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းလှအေးက ပြန်လည် ဖြေကြား ဆွေးနွေးခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုင်းခိုင်ဇော်(ကွမ်းလုံ)