ပင်းတယ စက်တင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ပင်လယ်ရေမျက်နှာပြင်အမြင့် ၃၈၈၀ ပေ ရှိပြီး၊ စိုက်ပျိုးရေးကို အဓိကထား အသက်မွေးဝမ်းကျောင်းပြုကြ၍ အေးချမ်းသာယာသည့် တောင်ပေါ်ဒေသဖြစ်သည်။ ဓနုလူမျိုးအများစုနေထိုင်ကြပြီး၊ ပအိုဝ်း၊ ပလောင်၊ ကရင်၊ ရှမ်း၊ မွန်နှင့်ဗမာ စသည်တို့ နေထိုင်ကြပြီး၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ရှေးဟောင်းစေတီ၊ တန်ခိုးကြီးဘုရားများဖြင့် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များ အထူးစိတ်ဝင်တစားလာရောက် လည်ပတ်လေ့ရှိရာ မြို့အင်္ဂါရပ်နှင့် အညီသန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယနေ့နံနက်က သဘာဝပုန်းတလုတ်ရေကန် လမ်းဘေးဝဲယာ တစ်လျှောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြို့နယ်စည်ပင်သာယာရေး ကော်မမတီ(ပင်းတယ) မှ အမှုဆောင်အရာရှိ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးဝန်ထမ်းများမှ ပင်းတယမြို့နယ်အတွင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများအတွင်းရွံ့မြေများ၊ နုန်းမြေများ၊ အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားခြင်း၊ ချုံနွယ်ပင်များရှင်းလင်းခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မိုးရာသီဖြစ်သည့်အတွက်(၅)ရက်တစ်ကြိမ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ပင်းတယ(ပြန်/ဆက်)