မောက်မယ် စက်တင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်းများက မအားလပ်၍ စာကြည့်တိုက်သို့မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျေးလက်နေပြည်သူများ စာပေနှင့်စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန်လူမပန်းဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးအတွက် ရွေ့လျား စာကြည့်တိုက် ( Mobile Library )စနစ်ဖြင့် ယမန်နေ့ နံနက် ၁၀ နာရီ က နမ့်လွတ်ကျေးရွာအုပ်စု၊ ကဒူးလေး အ.မ.ကနှင့် နေ့လယ်ပိုင်းတွင် နမ့်လွတ်အ.မ.ကသို့ သုတ/ရသ စာအုပ်စာစောင်မျိုးစုံယူဆောင်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ရသ စာအုပ်စာစောင်များစုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်စာစောင်များအား ရက်သတ္တနှစ်ပတ်လျင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက “ပလပ်စတစ်သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြဿနာများ၊ ပလပ်စတစ်သုံးစွဲမှု လျော့ချရန်နည်းလမ်းများ၊ စွန့်ပစ်ပစ္စည်းလျော့ချရေးအတွက် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် လုပ်ငန်းအစီအစဉ်များအကြောင်း” ကိုအသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး ပလပ်စတစ်သုံးစွဲမှု လျော့ချရေး အသိပညာပေး နံရံကပ်စာစောင်များပြသကာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)