ပင်လုံမြို့ အလကခွဲ(၂)ကျောင်း၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပင်လုံ စက်တင်ဘာ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့အလကခွဲ(၂)ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လည်(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ အလကခွဲ(၂)ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်ကျော်က လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အိမြတ်နိုးသူက လူကုန်ကူးမှုခံရခြင်း၏အဓိကအကြောင်းအရင်းများ၊ လူကုန်ကူးခံရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုဆိုးကျိုးများအကြောင်း၊ ဆရာမဒေါ်နန်းဖြူက လူကုန်ကူးမှုနှင့် ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများကို ရှင်းလင်းဟောပြောပြီးနောက် ကျောင်းသား/ကျောင်းသူလေးများမှ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးပြဇာတ်ဖြင့် တင်ဆက်ကပြပါသည်။

ထို့နောက် လူကုန်ကူးမှုတိုက်ဖျက်ရေး တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ ဓာတ်ပုံပြပွဲများ ပြသရာကျောင်းသား/ကျောင်းသူများ ကလေ့လာကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မှတ်သားထားကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)