ဒဂုံတောင် စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်အား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများအား စစ်ကြောင်း(၅)ကြောင်းဖွဲ့၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြတ်သူဝင်း ဦးဆောင်သော ကျန်းမာရေး စစ်ကြောင်းသည် ယနေ့နံနက် ၉နာရီမှ စတင်ကာ အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းနှင့် မြို့နယ်ဆေးရုံတွင် ကိုယ်ဝန်ဆောင်များအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးကြကြောင်း သိရှိရသည်။
အဆိုပါ ကျန်းမာရေးစစ်ကြောင်းသည် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို အပတ်စဉ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သတင်းရရှိသည်။
ကျော်စွာမိုး(ဒဂုံတောင်)