မိုင်းယု စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊ တုန့်ပြန်ဆောင်ရွက်ရေးနှင့် စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့မှ ဒေသတွင် စားသောက်ဆိုင်းများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို ယနေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊ တုန့်ပြန်ဆောင်ရွက်ရေးနှင့် စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ခေါင်ဆောင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးခွန်အာကာထွန်း ဦးဆောင်သည့် အဖွဲ့ဝင်များက ဒေသတွင်ရှိ စားသောက်ဆိုင်များတွင် ဆိုင်သို့ရောက်ရှိလာကြသည့် စားသုံးသူများအားလုံးကို ထိုင်စားသောက်ရန်နေရာ၌ လေဝင်လေ ထွက်ကောင်းမွန်စေပြီး ပြတင်းပေါက်များ ဖွင့်ထားရန်၊ တစ်ဦးနှင့်တစ်ဦးကြားတွင် ကတ်ထူပြား၊ မှန်ပြား၊ သစ်သားပြားနှင့် ပလတ်စတစ်အကြည်စတို့ဖြင့် အကန့် ကန့်ထားစေခြင်း၊ ငါးဦးထက်စုဝေး ထိုင်စားခြင်းမပြုရန်၊ ဆိုင်အဝင်တွင် လက်ဆေးစင်များထားရှိကာ လက်ဆေးပြီးမှ ဝင်ရောက်စားသောက်ရန်၊ စားသုံးသူများ ဝင်လာလျင် နှာခေါင်းစည်း (Mask) တပ်စင်၍ လာမလာစစ်ဆေးပေးရန်၊ စားသုံးသူများထဲမှ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းများစသည့် သံသယရှိနေပါက ဆိုင်အတွင်းမလာရောက်ကြရန်စသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားများနှင့်အညီ လိုက်နာ ဆောင်ရွက် ထားခြင်း ရှိ/မရှိတို့ကို အထူးကြီးကြပ်စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)