သာစည်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၂)ဖွင့်လှစ်

သာစည် စက်တင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးကြပ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ မီးသတ်ပညာနှင့်ရှာဖွေကယ်ဆယ်ရေးပညာရပ်များကို ကျွမ်းကျင်စွာတတ်မြောက်စေရန်  အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာန၌ ပြုလုပ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က  သင်တန်းဖွင့်မိန့်ခွန်း   ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုးဝင်းအောင်က   သင်တန်းသားများအတွက် ဝတ်စုံများပေးအပ်ရာ   သင်တန်းသားတစ်ဦးက လက်ခံရယူသည်။ ထို့နောက် သင်တန်းတွင်အသုံးပြုရန် ခင်း ကျင်းပြသထားသော သင်ထောက်ကူပစ္စည်းများအား တက်ရောက်လာသူများက ကြည့်ရှု လေ့လာကြရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။  အဆိုပါသင်တန်းတွင် သင်တန်းသား ၅၀ ဦးတက်ရောက်မည်ဖြစ်ပြီး သင်တန်းနည်းပြ ၅ ဦးတို့က မီးငြှိမ်းသတ်ရေးမီးသတ်ပညာဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေးဘာသာရပ်တွင် အခြေခံကြိုးချည်နည်းများ၊ အသက်ရှုကိရိယာ(BA set)အသုံးပြုနည်း၊ Tripod အသုံးပြု၍ ရေတွင်းအသက်ကယ် နည်းပညာများ၊ ယာဉ်မတော်တဆမှုဖြစ် စဉ်များတွင် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း (Rescue Tools) များ အသုံးပြု၍ ကယ်ဆယ်ခြင်းနည်းစနစ်များ  အစရှိသည့် နည်းပညာများကို ရက်သတ္တပတ်လေးပတ်ကြာ စာတွေ့လက်တွေ့ ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ် မီးသတ်ဦးစီးမှူးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်သင်တန်းသားများ တက်ရောက်ကြကြောင်းသိ ရသည်။

မြို့နယ်(ပြန်/ဆက်)