မိတ္ထီလာ စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ပေါ်ရှိ ရပ်ကွက်နှစ်ခုသို့ သောက်သုံးရေပိုမိုပေးနိုင်ရေးနှင့် ရေတိုင်များ တိုးချဲ့တပ်ဆင်နိုင်ရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၁၇၂ သန်းကျော်ဖြင့် ဆောင်ရွက်လျက်ရှိသော မြို့ပြရေပေးရေးလုပ်ငန်း များမှာ ၅၀ ရာခိုင်နှုန်း ပြီးစီပြီဖြစ်ကြောင်း Great Memory ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရန်မျိုးအောင်ရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်များသို့ သောက်သုံးရေပိုမိုပေးဝေနိုင်ရေးနှင့် ရေတိုင်များတိုးချဲ့တပ်ဆင်နိုင်ရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၁၇၂.၆၁၂ သန်းဖြင့် တင်ဒါ အောင်မြင်သည့် Great Memory ကုမ္ပဏီမှ တာဝန်ယူပြီး စျေးအရှေ့အပြင်ရပ်ကွက် မိတ္ထီလာမြောက် ကန်တွင် မြို့ပြရေပေးရေးလုပ်ငန်းများဖြစ်သည့် ရေယူအဆောက်အဦးနှင့် တံတားတည်ဆောက် ခြင်းလုပ်ငန်း၊ ရေတွန်းပန့် ဆင်ခြင်း (Centrifugal Pump inlet-outlet)လုပ်ငန်း၊ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း၊ (315KVA) ထရန်စဖော်မာ တပ်ဆင်ခြင်း၊ (11)KV ဓာတ်အားလိုင်း တပ်ဆင်ခြင်းလုပ်ငန်းများနှင့် ရေယူအဆောက်အဦးသို့ (440V)မီးလိုင်းဆွဲခြင်း၊ ပန့်လိုင်း၊ စက်ရုံးများ မီးတပ်ဆင် ခြင်းလုပ်ငန်းများကို ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်၍ဆောင်ရွက်လျက်ရှိပြီး မြို့ပြရေပေးရေးလုပ်ငန်းများကို ယခုနှစ်ဘဏ္ဍာရေးနှစ်အတွင်းအပြီး တည်ဆောက်သွားမည်ဖြစ်ရာ ၎င်းမြို့ပြရေပေး ရေးလုပ် ငန်းများမှာ ၅၀ ရာခိုင်နှုန်း ပြီးစီးဖြစ်ကြောင်း သိရသည်။
အဆိုပါ မြို့ပြရေပေးရေးလုပ်ငန်း ပြီးစီးပါက ရန်မျိုးအောင်ရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်များသို့ သောက်သုံးရေများကို ယခင်ကထက် ပိုမိုပေးဝေနိုင်မည့်အပြင် ရေတိုင်များကိုလည်း တိုးချဲ့တပ်ဆင်သွားနိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)