လသာ စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ ကာကွယ်တားဆီး၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ် ၄ ရပ်ကွက်အတွင်း ကိုဗစ်ရောဂါမျိုးရိုးဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ နေအိမ်ပြင်ပထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးနိုင်ရေးကိုရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ ပူးပေါင်းအဖွဲ့များက ခရီးသွားဒေသခံပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်းများတပ်ဆင်ရေး လှုပ်ရှားမှုပြုလုပ်ပြီး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေပေးရာတွင် လသာမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အမှတ် ၄ ရပ်ကွက်အတွင်းရှိ စျေးရောင်း/ဈေးဝယ်ပြည်သူများနှင့် ခရီးသွားလာကြသည့်ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်းများကို လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကိုလည်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ဇော်ဖြိုးတေဇ