ရန်ကုန်-ပုသိမ်လမ်းမကြီး၊ သီတာအေးတာဆုံတွင် ယာဉ်မီးလောင်မှုလျော့နည်းကျဆင်းစေရေးနှင့် မီးလောင်မှုဖြစ်ပွားပါက ချက်ခြင်းတုန့်ပြန်မီးငြှိမ်းသတ်နိုင်စေရေးအသိပညာပေး

ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ သီတာအေးတာဆုံတွင် စက်တင်ဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက ယာဉ်များမီးလောင်မှုလျော့နည်းကျဆင်းစေရေးနှင့် မီးလောင်မှုဖြစ်ပွားပါက ချက်ခြင်းတုန့်ပြန်မီးငြှိမ်းသတ်နိုင်စေရေးတို့ကို တာဝန်ရှိသူများကအသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဓိကကတော့ ယာဉ်ပေါ်မှာ မီးသတ်ဆေးဘူးဆောင်ရွက်ထားရှိရန်နှင့် ထားရှိထားသည့်မီးသတ်ဆေးဘူးများ ကြံ့ခိုင်မှုရှိစေရန်၊ အမြဲအသင့်အနေအထားရှိစေရန်နှင့် မီးလောင်မှုဖြစ်ပွားလာမည်ဆိုပါကချက်ခြင်းတုန့်ပြန်မီးငြှိမ်းသတ်နိုင်စေရန်တို့ကို အသိပညာပေးဆောင်ရွက်နေတာဖြစ်ပါတယ်ဟု မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမိုးမင်းအောင်က ရှင်းပြသည်။

အသိပညာပေးဆောင်ရွက်ရာတွင်လည်း မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမိုးမင်းအောင်ဦးဆောင်၍ ဒုတိယမီးသတ်ဦးစီးမှူးဦးမျိုးနိုင်ဦးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၆၂)ယာဉ်ထိန်းတပ်ဖွဲ့စု(ထန်းတပင်)မှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ ရန်ကုန်-ပုသိမ်ကား လမ်းမတွင် ဖြတ်သန်းသွားနေကြသည့် မော်တော်ယာဉ်မောင်းနှင်သူများနှင့် ခရီးသွားပြည်သူများအား အသိပညာပေးဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)