ပင်လုံမြို့ အလက(၃)ကျောင်း၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပင်လုံ စက်တင်ဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)အချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ အလက(၃)ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသူဇာက လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်အိမြတ်နိုးသူက လူကုန်ကူးမှုနှင့် ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများ၊ လူကုန်ကူးမှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းများ၊ လူကုန်ကူးခံရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု ဆိုးကျိုးများအကြောင်း ရှင်းလင်းဟောပြောပြီး နောက် ကျောင်းသား/ကျောင်းသူလေးများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ(၂၇၀)ဦး တက်ရောက်ကြသည်။

ထို့နောက် လူကုန်ကူးမှုတိုက်ဖျက်ရေး တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များ၊ ဓာတ်ပုံပြပွဲများပြသရာ ကျောင်းသား/ကျောင်းသူများက လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)