ချမ်းအေးသာစံ စက်တင်ဘာ ၅
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယနေ့နံနက် (၁၀)နာရီက စာရေးဆရာမ သဒ္ဓါဆွေ၏ စိတ်၏ခြေရာ ဖြန့်ကျက်ခြင်း စာအုပ်မိတ်ဆက်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
စိတ်၏ခြေရာ ဖြန့်ကျက်ခြင်း စာအုပ်မိတ်ဆက်ပွဲတွင် စာရေးဆရာမ သဒ္ဓါဆွေကိုယ်စား စာရေးဆရာမ ဒေါ်နုနုကြည်(အမေ့အိမ်)က စာအုပ်ဖြစ်ပေါ်လာပုံနှင့် စာအုပ်တွင်ပါဝင်သည့် အကြောင်းအရာများ၊ စာရေးသူ၏ ကိုယ်ရေးသမိုင်းတို့ကို ဖတ်ကြားပြီး ချမ်းအေးသာစံမြို့နယ် မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးသန်းနှင့် စာရေးဆရာ ဦးတင်ထွန်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်တို့က စိတ်၏ခြေရာ ဖြန့်ကျက်ခြင်း ဝတ္ထုတိုစုစည်းမှု စာအုပ်အား သုံးသပ် ဆွေးနွေးပြီး ဝမ်းသာပီတိစကားများ ပြောကြားခဲ့သည်။
စာရေးဆရာမ သဒ္ဓါဆွေ ရေးသားသော စိတ်၏ခြေရာ ဖြန့်ကျက်ခြင်း ဝတ္ထုတိုစုစည်းမှု စာအုပ်တွင် ဝတ္ထုတို (၃၄)ပုဒ်ပါဝင်ကာ စာရေးဆရာမ သဒ္ဓါဆွေ ကွယ်လွန်ပြီးမှ ကျန်ရစ်သူ မိသားစုများမှ ထုတ်ဝေထားခြင်းဖြစ်ပြီး ပြည်သူ့စာကြည့်တိုက်များ၊ ကိုယ့်အားကိုယ်ကိုးစာကြည့် တိုက်များသို့ ဖြန့်ဝေလှူဒါန်းပေးလျက်ရှိသည်။
စာရေးဆရာမ သဒ္ဓါဆွေ ရေးသားသော စိတ်၏ခြေရာ ဖြန့်ကျက်ခြင်း ဝတ္ထုတိုစုစည်းမှု စာအုပ်မိတ်ဆက်ပွဲသို့ စာရေးသူ၏ စာရေးဖော် ဆရာမဒေါ်နုနုကြည်၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးသန်းနှင့် စာရေးဆရာများ၊ အခြားဖိတ်ကြားထားသည့် စာရေးဆရာများနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Book Clup အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးထွန်းထွန်းနိုင်