ကျောက်ဆည် စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာနတွင် အခြေခံ တိုင်းရင်းဆေးပညာရက်တိုသင်တန်း (အခဲမဲ့) သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကမ္ဘာ့နိုင်ငံအသီးသီးတွင် မိမိတို့ရေမြေသဘာဝ ယဉ်ကျေးမှုအလိုက် တိုင်းရင်ဆေးပညာရပ်များ တည်ရှိနေကြရာ မြန်မာတို့၏ တိုင်းရင်ဆေးပညာရပ်သည်လည်း ရှေးနှစ်ပေါင်းများစွာကပင် တည်ရှိဖြစ်ထွန်းခဲ့ပြီး ယနေ့တိုင်အောင် ဘိုး၊ဘွား အမွေအနှစ် အမျိုးသားဆေးပညာရပ်အနေဖြင့် အားကိုးအားထား ပြုနေကြဆဲဖြစ်ကြောင်းနှင့် မြန်မာတိုင်းရင်းဆေးပညာဆိုသည်မှာ ဒေသနာနယ၊ ဘေသဇ္ဇနယ၊ နက္ခတ္တဗေဒနယ၊ ဝိဇ္ဖာဓရနယဟူသော နယကြီး(၄)ပါးအနက် တစ်ပါးပါးနှင့်အကျုံးဝင်သော အသက်ရှည်ရာ အနာမဲ့ကြောင်း ဆေးပညာရပ်ကို ဆိုလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်တိုင်းရင်ဆေးကုဌာနမှ မြို့နယ်တိုင်းရင်ဆေးမှူး ဒေါ်ဆွေဆွေမြင့်က မြန်မာတိုင်းရင်း ဆေးပညာ၏ ရည်ရွယ်ချက်များနှင့် နွေရာသီတွင်ဖြစ်ပွားတတ်သော ခေါင်အုံ၊ ခေါင်းကိုက်၊ ခေါင်းခဲခြင်း၊ အပူဝင်၊အပူငုတ်ရောဂါများ၊ မျက်စိကျိန်း၊ မျက်စိနှာ၊ ဆီးပူ၊ ဆီးအောင့်ခြင်း၊ နာခေါင်းသွေးလျှံခြင်းများ ပြုစုကုသနည်းများ၊ မိုးရာသီတွင်ဖြစ်ပွားတတ်သော လေထိုး၊လေအောင့်၊ အစာမကြေရောဂါ၊ ဝမ်းပျက်၊ ဝမ်းကိုက်ရောဂါ၊ သံကောင်၊တုတ်ကောင်းရောဂါများ၊ ပြုစုကုသနည်းများ၊ ဆောင်းရာသီတွင် ဖြစ်ပွား တတ်သော ဝမ်းချုပ်ခြင်း၊ ချမ်းဖျား၊ တုန်ဖျား၊ နှာစေး၊ ချောင်းဆိုး ရောဂါများအကြောင်းနှင့် ပြုစုကုသ နည်းများအကြောင်းများကို စက်တင်ဘာ(၅)ရက်မှ(၇)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား၊သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)