ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲကျင်းပ

လောက်ကိုင် စက်တင်ဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ရှိ    အရန်မီးသတ်တပ်ဖွဲ့ဝင်များကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ခြင်း လုပ်ငန်းများတွင် နည်းစနစ်မှန်မှန် အချိတ်အဆက်မိမိ ကျွမ်းကျင်စွာပါဝင် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉  နာရီ အချိန်တွင်  မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမဆောင်၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကိုးကန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမြင့်ဆွေမှ အဖွင့်အမှာစကား ပြောကြားရာတွင် “ရှမ်းပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ တတိယစီးပွားရေး မြို့တော်ကြီးဖြစ်သည့်အားလျော်စွာ မီးဘေးအပါအဝင် အခြားသောဘေးအန္တရာယ်အသွယ်သွယ်မှ ကင်းဝေးစေရေးအတွက် အထောက်အကူကောင်းဖြစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အားများကို ခိုင်မာစွာစနစ်တကျတိုးချဲ့ ဖွဲ့စည်းတည်ဆောက်နိုင်ရန်နှင့် ရပ်ရွာရဲ့အားကိုးအားထားပြုရတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေအဖြစ် ဂုဏ်ယူကြရန်လိုအပ်ကြောင်း”ကို ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး(ကိုယ်စား) ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်စိုးဦး(သင်တန်းမှူး)မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခဲ့ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဦးမိုးဇော်လတ်မှ  အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် အရန်မီးသတ်တူညီဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အတွင်းရေးမှူး ဦးဇော်မိုးလတ်နှင့် အဖွဲ့ဝင်များ၊ ဒေသ/ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး(လောက်ကိုင်)ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်ခေါင်းဆောင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်းအင်အား (၉၂)ဦး တက်ရောက်ခဲ့ကြသည်။  အရန်မီးသတ်တပ်ဖွဲ့ ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှ စက်တင်ဘာလ ၃၀ရက်နေ့အထိ ရက်သတ္တပတ်(၄)ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၅၀)ဦး တက်ရောက် ကြောင်းကို မြို့နယ်မီးသတ်ဦးစီးဌာန၊ သင်တန်းမှူးထံမှ သိရသည်။

ယု