သန်လျင် စက်တင်ဘာ ၅
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၏စီစဉ်မှုဖြင့် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၂)ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်မီးသတ်ဦးစီးဌာန ခန်းမဆောင်၌ကျင်းပသည်။
ဦးစွာမီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် မီးသတ်ဦးစီးဌာနအနေဖြင့် မီးငြိမ်းသတ်ရေးလုပ်ငန်းတာဝန်အပြင် သဘာဝဘေးအန္တရယ်အမျိုးမျိုးကြုံတွေ့လာပါက ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန် စနစ်တကျလေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း၊ အရန်မီးသတ်နှင့် လူမှုပရဟိတအကျိုးဆောင်ရွက်နေကြသည့် ခရိုင်အတွင်းမှတက်ရောက်လာကြသော သင်တန်းသားများအား အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်း သင်တန်းမှပို့ချပေးမည့် ဘာသာရပ်အသီးသီးအား လက်တွေ့လုပ်ငန်းစဉ်များတွင် အကျိုးရှိစွာ ကူညီပေးနိုင်ရေး ကြိုးစားလေ့လာသင်ယူသွားရန် တိုက်တွန်းပါကြောင်းဖြင့်ပြောကြားသည်။
ထို့နောက်သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ အားပေးစကားပြောကြားကာ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက်ပြခန်းအတွင်း ခင်းကျင်းပြသထားသော ခေတ်မီမီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးအထောက်အကူပစ္စည်းများအား ဧည့်သည်တော်များက ကြည့်ရှု့ကြရာ ခရိုင်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
အခမ်းအနားသို့ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပရဟိတအသင်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အဆိုပါသင်တန်းသို့ ခရိုင်အတွင်းရှိ မြို့နယ်များမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေးအသင်းများမှ သင်တန်းသား(၅၀)ဦးတို့ တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ (၂)ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)