ရပ်စောက် စက်တင်ဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမင်းစိုးနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မီးသတ်ဦးစီးဌာနသည် မီးဘေးလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ မီးဘေးအန္တရာယ်၊ အခြားသဘာဝဘေးအန္တရာယ်၊ ကပ်ရောဂါဘေးအန္တရာယ်နှင့် ရုတ်တရက်မတော်တဆဖြစ်ပွားသော ဘေးအန္တရာယ်များအတွက် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာရပ်များ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရေးအတွက် လှုံ့ဆော်ပညာပေးရာတွင်လည်းကောင်း၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မီးသတ်လုပ်ငန်းများဆောင်ရွက်နိုင်ရန် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် စိတ်ပါဝင်စားသူများကို စုစည်း၍ အရန်မီးသတ်တပ်ဖွဲ့ကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဖြိုးမင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် တူညီဝတ်စုံများပေးအပ်ခဲ့ရာ အရန်မီးသတ်တပ်ဖွဲ့ဝင်များကိုယ်စား အရန်မီးသတ်ဒုတိယ တပ်ရင်းမှူး ဦးအောင်သီဟမှ လက်ခံရယူခဲ့ပြီး မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက မြို့နယ်မီးသတ်ဦးစီးဌာနမှ ခင်းကျင်းပြသ ထားသည့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းအား သင်းတန်းသား၊ သင်တန်းသူ (၅၀)ဦးဖြင့် သင်တန်းကာလ (၁)လအကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)