မိုင်းခုတ်မြို့၌ မြေပဲများဈေးကောင်းရသဖြင့် မြေပဲစိုက်တောင်သူများ အဆင်ပြေ

မိုင်းခုတ် စက်တင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုအခါ မြေပဲများဈေးကောင်းရရှိသဖြင့် မြေပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြေပဲပင်များကို ကျင်းတူးကာ တစ်ကျင်းလျှင် နှစ်စေ့နှုန်းဖြင့် တစ်တောင်ခြားစိုက်ပျိုးကြောင်း၊ တစ်ပတ်အကြာတွင် အညှောင့်များစတင်ထွက်ရှိပြီး သုံးလအကြာတွင် စတင်နှုတ်ယူ၍ရကြောင်း၊ သဲနှုန်းမြေပေါ်တွင် စိုက်ပျိုးပါက အထွက်နှုန်းတိုးကြောင်း၊ မြေပဲများအား နှုတ်ယူပြီးပါက ပြုတ်၍လည်းကောင်း၊ နေပြအခြောက်ခံကာ ပုံးဖြင့်လည်းကောင်း၊ အခြောက်ခံပြီးသော မြေပဲများကို ချွေယူကာ နို့ဆီဗူးဖြင့်လည်းကောင်း ချိန်တွယ်ရောင်းချပြီး မြေပဲပြုတ်များကို နို့ဆီဗူးတစ်ဗူးလျှင်(၅၀၀)ကျပ်၊ အခြောက်ခံထားသော မြေပဲများကို လေးထောင့်ပုံးတစ်ပုံးလျှင် (၆၀၀၀)ကျပ်၊ ချွေထားသော မြေပဲများကို  ဖောက်သည်ဈေး နို့ဆီဗူးသုံးဗူးလျှင်(၂၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း အမှတ်(၂)ရပ်ကွက်(ဝမ်ဝိန်း)မှ မြေပဲစိုက်တောင်သူ ဒေါ်နန်းခမ်းလောဝ်ထံမှ သိရသည်။

မိုင်းခုတ်မြို့တွင်  မြေပဲပင်များကို ရာသီမရွေးစိုက်ပျိုးကြကြောင်း၊ ယခင်က မြေပဲဆံ နို့ဆီဗူး တစ်ဗူး လျှင်(၅၀၀)ကျပ်သာရှိပြီး ယခုအခါ ဖောက်သည်ဈေးဖြင့် ဝယ်ယူပါက သုံးဗူးလျှင်(၂၀၀၀)ကျပ်၊ လက်လီဈေးဖြင့်ဝယ်ယူပါက တစ်ဗူးလျှင်(၁၀၀၀)ကျပ်ရှိလာသဖြင့် မြေပဲဈေးနှုန်းမြင့်တက်လာကာ စိုက်ပျိုးသူတောင်သူများ အဆင်ပြေလျက် ရှိကြောင်းနှင့် မိုင်းဆတ်မြို့နှင့် ကျိုင်းတုံမြို့များမှလည်း လာရောက်ဝယ်ယူကြကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)