လွိုင်လင် စက်တင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ် မီးသတ်ဦးစီးဌာနတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၂)ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက ကျင်းပရာ လွိုင်လင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
ခရိုင်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားရာတွင် မီးသတ်ဦးစီးဌာနသည် မီးဘေးလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ မီးဘေးအန္တရာယ်၊ အခြားသဘာဝဘေးအန္တရာယ်၊ ကပ်ရောဂါဘေးအန္တရာယ်နှင့် ရုတ်တရက် မတော်တဆဖြစ်ပွားသော ဘေးအန္တရာယ်များအတွက် မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာရပ်များ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရေးအတွက် လှုံ့ဆော်ပညာပေးရာတွင်လည်းကောင်း၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များနှင့်အတူ မီးသတ်လုပ်ငန်းဆောင်ရွက်နိုင်ရန် မြို့နယ်ရပ်ကွက်ကျေးရွာများမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် စိတ်ပါဝင်စားသူများကို စုစည်း၍ အရန်မီးသတ် တပ်ဖွဲ့ဝင်များကို ဖွဲ့စည်းပြီး လက်တွေ့မီးငြိမ်းသတ်ရေးနှင့် အခြားသောလုပ်ငန်းများကို သိရှိစေရန် သင်တန်းများဖွင့်လှစ်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် လွိုင်လင်ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်း မှ တူညီဝတ်စုံများကိုပေးအပ်ရာ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက လက်ခံရယူပါသည်။ ဆက်လက်၍ မီးငြိမ်းသတ်ရေး သရုပ်ပြသခြင်းကို ဆောင်ရွက်ပြီးသင်တန်းဖွင့်ပွဲကိုရုပ်သိမ်းလိုက်သည်။
အဆိုပါ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းသို့ လွိုင်လင်မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ သင်တန်းသား (၅၀)ဦးတက်ရောက်ကြပြီး သင်တန်းကို စက်တင်ဘာလ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
လွိုင်လင်မိုး