ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက် ကလေးငယ်များ (MCCT)အကျိုးခံစားခွင့် ရှိသူများအား ထောက်ပံ့ကြေးပေးအပ်

နမ့်ဆန် စက်တင်ဘာလ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ (၃)လပတ် (ဧပြီလ၊ မေလ၊ ဇွန်လ)တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှမွေးဖွားသည့် အသက်(၂)နှစ်အောက်ကလေး သူငယ်များအား(MCCT)အစီအစဉ်ဖြင့် ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က နမ့်ဆန်မြို့နယ် မန်လုံးကျေးရွာ၊ တောင်မကျေးရွာ၊ မြို့သစ်ကျေးရွာများတွင် ကျေးရွာများအရောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးများနှင့်အတူ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

နမ့်ဆန်မြို့နယ်တွင် အကျိုးခံစားခွင့်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်(၅၅၁)ဦး၊ အသက်(၂)နှစ်အောက် ကလေးငယ်(၁၄၃၁)ဦးအတွက် ငွေကျပ်သိန်းပေါင်း (၈၃၉၈၅၀၀၀-/) ကျပ်တိတိ  ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများတွင်လည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များ သေဆုံးမှုနှုန်း လျော့ကျနိုင်စေရန်၊ မိခင်ရောကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးနိုင်စေရန်၊ အသက်အရွယ်ကြီးရင့်လာသည့်အချိန်တွင် နာတာရှည်ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျစေရန်၊ မိသားစုစီးပွားရေး ထိခိုက်မှုလျော့နည်း သက်သာစေရန်၊ ကျန်းမာသန်စွမ်းသော နိုင်ငံသားကောင်းရတနာများ ပေါ်ထွန်းလာကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် စွမ်းအားပြည့်ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)