မိုင်းငေါ့မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အထူးရဲ(၁၆)ဦးနှင့် အရံ(၁)ဦး ခန့်အပ်

မိုင်းငေါ့ စက်တင်ဘာ  ၁၄

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံ စိတ်ချ စွာ မဲပေးနိုင်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ မိုင်းငေါ့မြို့တွင် မဲရုံလုံခြုံရေး  တာဝန်ထမ်းဆောင်ရန် အထူးရဲ(၁၆)ဦးနှင့် အရံ(၁)ဦး စုစုပေါင်း(၁၇)ဦး ခန့်အပ် သွားမည် ဖြစ်ကြောင်းသိရသည်။

မိုင်းငေါ့မြို့တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မဲရုံစုစုပေါင်း (၁၆)ရုံ ထားရှိသွားမည် ဖြစ်ပြီး၊ အထူးရဲများအနေဖြင့် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ ကော်မရှင်ခွဲ အဖွဲ့ဝင် များနှင့် ပူးပေါင်းကာ ပြည်သူများလုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးကို တာဝန်ယူ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့နယ်မြေခံ ရဲတပ်ဖွဲ့ အနေဖြင့် လည်း ရွေးကောက်ပွဲ ကာလတွင် မဲဆန္ဒရှင်များ မဲမပေးနိုင်အောင် နှောက်ယှက်ဟန့်တားမှုများ မဖြစ်ပေါ်စေရေး၊ မဲရုံပရဝုဏ်နှင့် ကိုက် ၅၀၀ အတွင်း‌ မူးယစ်သောက်စား ရမ်းကား မှုများ၊ ဆူညံစွာ အော်ဟစ် သောင်းကျန်းမှုများ မဖြစ်ပေါ်စေရေးအတွက် လှည့်ကင်းများ၊ ရပ်ကင်းများဖြင့် လုံခြုံရေး ဆောင်ရွက် ပေးသွားမည်‌ ဖြစ်ကြောင်း မိုင်း‌ငေါ့ နယ်‌မြေ ရဲစခန်းမှ သိရသည်။

အဆိုပါမဲရုံများအတွက် လုံခြုံရေးကိစ္စများ တာဝန်ယူဆောင်ရွက်သွားမည့် အထူးရဲတပ်ဖွဲ့ဝင် (၁၆)ဦး နှင့်အရံ(၁)ဦး စုစုပေါင်း(၁၇)ဦး တို့ကိုလည်း၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၁) ရက်နေ့မှ (၂၈) ရက်နေ့အထိ မိုင်းငေါ့နယ်မြေရဲစခန်းတွင် သင်တန်းပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ပြန်/ဆက်)