ကျောက်ပန်းတောင်းမြို့နယ် သခွားသီးများဈေးကောင်းရရှိသောကြောင့် သခွားစိုက်တောင်သူများအဆင်ပြေ

ညောင်ဦး  စက်တင်ဘာ  ၅

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင် ကျေးရွာများစိုက်ပျိုးသည့် သခွားသီးများလှိုင်လှိုင်ပေါ်ချိန် ဈေးနှုန်းကောင်းနေခြင်းကြောင့် စိုက်ပျိုးသည့်တောင်သူများအဆင်ပြေတွက်ခြေကိုက်နေကြကြောင်း သခွားစိုက်ပျိုးတောင်သူ လဲဂွကျေးရွာ ဒေါ်ဌေးကြည်ထံကသိရသည်။

သခွားစိုက်ပျိုးခြင်းအား ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာဖြစ်ကြသော လက်ပံအိုင့်ကျေးရွာ၊ လဲဂွကျေးရွာ၊ ညောင်ဖြူပင်ကျေးရွာ၊ကုန်းတဲ ကျေးရွာ၊ မုန့်ကုန်းကျေးရွာနှင့်ဆပ်ပြာကျင်းကျေးရွာများသည် သခွားစိုက်ပျိုးကြသည့်ကျေးရွာများဖြစ်ကြောင်း သိရသည်။ သခွားသီးစိုက်ပျိုးရာတွင် ကိုးသုံးလုံးတံဆိပ် ဝယ်ယူစိုက်ပျိုးရကာ အစေ့တိုက်ရိုက်စိုက်ပျိုးရပြီး နှစ်ပေခြားစိုက်ပျိုးပေးရကြောင်း၊ တိုင်ထောင်စနစ်ဖြင့်စိုက်ပျိုးပြီး အပင်၏နွယ်အား တိုင်ထောင်ကာ အလျားအတန်းထားသည့် ထုတ်တန်းပေါ်ရှိစေခြင်းဖြင့် အသီး သီးစေသော စိုက်ပျိုးနည်းသခွားဖြစ်ကြောင်း၊ စိုက်ပျိုးပြီး တစ်လပြည့်လျှင် အဖူး၊ အပွင့်ပွင့်ကာ အသီးစတင်သီးကြောင်း၊ အသီးစတင်ပေါ်ချိန်မှစကာ သုံးရက်တစ်ကြိမ်ဆွတ်ခူးရပြီး ရေသွင်း သည့်အခါ မြောင်းစနစ်ဖြင့်ရေသွင်းမှသာ အဆင်ပြေကြောင်း ရေကြိုက်သည့်သခွားမျိုးဖြစ်ပြီး သခွားသီးစတင်ပေါ်ချိန်က တစ်လုံး ၂၀၀ ကျပ်ရောင်းချခဲ့ရပြီး၊ သခွားသီးလှိုင်လှိုင်ပေါ်ချိန် ၁၅၀ ကျပ်ထိရောင်းချနေရသေးပြီး သခွားသီးတစ်လုံး ၁၀၀ ကျပ်ရောင်းချရလျှင်ပင်တွက်ခြေကိုက်ကြောင်း လဲဂွကျေးရွာ သခွားစိုက်ပျိုးတောင်သူ ဦးတင်ထွန်းအောင်ကရှင်းပြသည်။

ထွက်ရှိလာသည့် သခွားသီးများအား ကျောက်ပန်းတောင်းမြို့၊ မြို့မဈေးသို့သွား ရောက်ရောင်းချခြင်း၊ ကုန်းစိမ်းပွဲစားများ အခင်းအထိလာရောက်ဝယ်ယူကြပြီး မကွေးမြို့၊ နတ်မောက်မြို့၊ ချောက်မြို့၊ ညောင်ဦးမြို့များမှသခွားဖောက်သည်များအား ပြန်လည်တင်ပို့ရောင်းချကြပြီး သခွား သီးတစ်လုံး ၁၅၀ ကျပ်မှ ၂၀၀ ကျပ်ရောင်းချရခြင်းကြောင့် သခွားစိုက်ပျိုးတောင်သူများ အဆင်ပြေနေကြကြောင်းသိရသည်။

ကိုကြေးမုံ