ကွန်ဟိန်း စက်တင်ဘာ ၁၄
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ အခြေခံပညာကျောင်းများတွင် အသုံးပြုနိုင်ရန် အားကစားပစ္စည်းများ ပေးအပ်ခြင်းအား ယနေ့ နံနက်(၁၀) နာရီက မြို့နယ် အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အားကစားပစ္စည်းများသည် ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်စောမှ အခြေခံပညာကျောင်းများ၏ လိုအပ်ချက်အပေါ် တင်ပြ တောင်းခံမှု အပေါ် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခွင့်ပြုချထားပေး ခြင်းဖြစ်သည်။ ယင်းသို့ ခွင့်ပြုချထားပေးခြင်းတွင် Outdoor Fitness (၅)စုံ အား ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပြီး မြို့နယ်အတွင်းရှိ အ-မ-က(ဝမ်လော)၊ အ-မ-က(ကျိုင်းလီ)၊ အ-လ-က(ခွဲ)လွိုင်ဖာ၊ အ-လ-က (ခွဲ) ကျိုင်းလွန်း၊ အ-လ-က(ခွဲ)ဝမ်ပန် ကျောင်း များသို့ ပေးအပ်ခဲ့သည်။
အားကစားပစ္စည်းများ ပေးအပ်ခြင်းအား ကွန်ဟိန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်စော၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၁) ဦးစိုင်းစံထွန်း တို့မှ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
အားကစားပစ္စည်းများ လက်ခံ ရရှိခြင်းနှင့် ပတ်သက်၍ ‘‘အခုလို ကျောင်းတွေအတွက် အားကစားပစ္စည်းတွေ ချပေးတာအရမ်းဝမ်းသာပါတယ်၊ ကျောင်းဖွင့်ချိန်ကျရင် ကလေးတွေ ကိုယ်ကာယကြံ့ခိုင်ရေးအတွက် အရမ်းအသုံးဝင်ပါ တယ်၊ကျောင်းတွေမှာလဲ အမှန်တကယ် လိုအပ်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်၊ အခုလို တင်ပြတောင်းခံ ပေးတဲ့ လွှတ်တော် ကိုယ်စားလှယ်ကြီးနဲ့ ခွင့်ပြုချထားပေးတဲ့ ဝန်ကြီးဌာနကိုလဲ အထူးကျေးဇူးတင်ပါတယ်” ဟု အ-လ-က(ခွဲ)ဝမ်ပန် ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသက်နိုင်မှ ပြောကြား ခဲ့ကြောင်း သိရှိရသည်။
ပြည့်စန္ဒီမြင့် (ပြန်/ဆက်)